မြိတ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၁/၂ဝ၂၆) သင်တန်းဆင်း

မြိတ်    ဇူလိုင်   ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များ၏ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အကျင့်စာရိတ္တကောင်းမွန်ပြီး အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်တတ်သည့် အုပ်ချုပ်ရေးမှူး/အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်လာစေရန် ဖွင့်လှစ်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၆) သင်တန်းဆင်းပွဲကို မြိတ်မြို့ ပုလဲရတနာခန်းမတွင် ဇူလိုင်(၂၈)ရက် မွန်းလွဲ (၃)နာရီ က ကျင်းပသည်။

သင်တန်းကို နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်ပြီး လိုက်နာပူးပေါင်းဆောင်ရွက်လာနိုင်စေရန်၊ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအားနားလည်ပြီး ပေးအပ်သောလုပ်ငန်းတာဝန်များအပေါ် အဂတိကင်းစွာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်စေရန်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ပြည်သူလူထုများ၏ အမှန်တကယ်လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ တင်ပြနိုင်သည့်အရည်အသွေးများရှိလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်သည်။ ထို့နောက် သင်တန်းဆင်းအောင်လက်မှတ်များကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပေးအပ်သည်။

သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေအခြေခံ၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များ၊ ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေနှင့်နည်းဥပဒေများနှင့် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက်လုပ်ငန်းများနှင့်လုပ်ထုံးလုပ်နည်းများ စသည့်ဘာသာရပ်များကို ဇူလိုင်(၁)ရက်မှ(၂၈)ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မြိတ်မြို့နယ် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)