ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၂၈

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲရုံးသို့ သွားရောက်ပြီး အကြမ်းဖက်သောင်ကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ခြောက်ခန်းတွဲ တစ်ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံနှစ်လုံးကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းနှင့် မိသားစုဝင်များ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးရန်၊ ဝန်ထမ်းအိမ်ရာပြုပြင်ခြင်းလုပ်ငန်းအား အရည်အသွေးပြည့်မီစွာဖြင့် အမြန်ပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးရာ အကျဉ်းဦးစီးဌာန၊ လွိုင်ကော်အကျဉ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူးက ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ အကျဉ်းသားများထားရှိမှုနှင့် သက်မွေးပညာသင်ကြားပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကျဉ်းသားအိပ်ဆောင် နှစ်ထပ်ဆောင်နှင့် စည်းကမ်းထိန်းရုံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အကျဉ်းသားအိပ်ဆောင်များ၊ ရိက္ခာသိုလှောင်ထားရှိမှုများနှင့် စားဖိုဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းလတ်ဆတ်စွာ ချက်ပြုတ်ကျွေးမွေးရန်နှင့် အကျဉ်းသားများရရှိမည့် အခွင့်အရေးများ အပြည့်အဝခံစားခွင့်ရရှိရေး စီမံဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်ဆက်)