လေရှီး ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ကျေးရွာ/ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးများ၏ အုပ်ချုပ်ရေးဆိုင်ရာ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ဖွင့် လှစ်သည့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က လေရှီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လေရှီးမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ရပကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့် ရရှိခဲ့သည့်သင်တန်းအသိပညာ၊ အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချကာ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်ကြရန်၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်အစိုးရသစ်၏ သက်တမ်းနှင့်အညီတာဝန်ထမ်းဆောင်ကြရန်၊ လက်ရှိနိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များအားသိရှိလိုက်နာ အကောင်အထည်ဆောင်ရွက်ရန်၊ မိမိတို့သည် (၂၀၁၂)ခုနှစ်ရပ် ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးချယ်ခြင်းခံရ သူများ ဖြစ်သည့်အတွက် ပြည်သူလူထု၏ လိုအပ်ချက်များအပေါ်ဖြည့်ဆည်း ပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပြည်သူလူထုအားတန်းတူညီမျှဆက်ဆံဆောင်ရွက်ပေးရန်၊ အုပ်ချုပ်ရေး ယန္တရား မပြတ်လည်ပတ်နိုင်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ကြရန်၊ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အခြေအနေများ ကိုလည်းလေ့လာသိရှိရန်၊ မိမိသည်ရပ်ရွာတွင် ဦးစီးဦးဆောင်ကြရမည့်သူများဖြစ်သည့်အတွက် သိက္ခာသမာဓိ ရှိစွာဖြင့် နေထိုင်ပြုမူပြောဆိုရန်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်၊လုပ်ငန်းတာဝန်များအပေါ်အလေးအနက်ထားရန်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေပြဌာန်းချက် ညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက်ရန်၊ သင်တန်းတွင်ဌာနဆိုင်ရာ အသီးသီးကဆွေးနွေးပို့ချခဲ့သည့်ဘာသာရပ်အကြောင်း အရာများအား မြေပြင်တွင်အကျိုးရှိစွာ အသုံးချဆောင်ရွက်သွားကြရန်နှင့် အဂတိလိုက်စားမှု ကင်းရှင်းပြီး ဌာနအပေါ် ဒေသအပေါ်သစ္စာစောင့်သိသူများ ဖြစ်စေရန်အလေး အနက်ထားကြိုး စားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းအောင်မြင်စွာပြီးမြောက်ခဲ့ကြသည့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက်သင်တန်းသားများကိုယ်စား အမှုထမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဇော်မင်းက ကျေးဇူးတင်စကားပြောကြားရာတွင် သင်တန်းသားများ အနေဖြင့် ယခုလိုလုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေး သင်တန်းဖွင့်လှစ်ပို့ ချပေးသည့်အတွက် လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာ တွင်များစွာအကျိုးရှိ စေမည်ဖြစ်ကြောင်း၊ ပြည်သူများမှဆန္ဒမဲပေး၍ ရွေးချယ်ခြင်းခံခဲ့သူများဖြစ်သည့်အတွက် ပြည်သူများအပေါ်အလုပ် အကျွေးပြုမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏လိုအပ်ချက်များအား ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဌာန၏ရည်မှန်းချက်လုပ်ငန်း တာဝန်များများနှင့်ဒေသ အကျိုးစီးပွားတိုးတက်ရေးအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်သွားမည်ဟုပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်မောင်လွင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သူသူဝင်း၊ မြို့နယ်လ.ဝ.က ဦးစီးမှူးဦးခင်မောင်အေး၊ မြို့နယ်ဥပဒေအရာရှိဦးခိုင်ငြိမ်းချမ်း၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးစိန်ထွန်း၊ မြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးအောင်ချမ်းနှင့် ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး(၂၄)ဦး၊စုစုပေါင်းအင်အား(၆၂ )ဦးတက်ရောက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆)ကို(၁-၇-၂၀၂၆)ရက်နေ့မှ (၂၈-၇-၂၀၂၆)ရက်နေ့အထိ (၄)ပတ်ကြာသင်ကြား ပို့ချခဲ့ပြီးဖြစ်ပါ ကြောင်းတာဝန်ရှိသူများထံမှသိရှိရပါသည်။
လေရှီး(ပြန်/ဆက်)