လက်ပံတန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်းကျင်းပ

လက်ပံတန်း ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကွမ်းခြံကျေးရွာအုပ်စု ကျောင်းစုကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက်၍ ပါ၀င်ဆွေးနွေးမည့် ပုဂ္ဂိုလ်များဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်စိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ‌ဇော်မြင့်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပိုင်သက်ကျော်တို့က ပြည်သူ့စကားဝိုင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက မိမိတို့ကျေးရွာလမ်းများ အဆင့်မြှင့်တင်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရမည့် နည်းလမ်းများ  လိုအပ်သည့် ကဏ္ဍများအလိုက် မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာ တာ၀န်ရှိသူများက အသေးစိတ် ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း(ပြန်/ဆက်)