ထားဝယ် ဇူလိုင် ၂၈
နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ဘေးအန္တရာယ်နှင့်သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစပြီးကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အဂတိလိုက်စားမှုကိုလက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်းဖန်တီး ဖော်ဆောင်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီက ထားဝယ်မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ယနေ့ရှင်းလင်းဆွေးနွေးပွဲသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များတွင် အဂတိလိုက်စားမှုများလျော့နည်းပပျောက်စေရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများအကြား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ၊ သတိပြုမှုနှင့် တာဝန်ယူမှုများ ပိုမိုမြင့်မား လာစေရေးအတွက် အရေးပါသည့်ဆွေးနွေးပွဲတစ်ရပ်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုဆိုတာ လူတစ်ဦးတစ်ယောက်၏ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်ပေါ်သောပြဿနာတစ်ရပ်မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုလုံး၊ဌာနတစ်ခုလုံး၊ဒေသတစ်ခုလုံးနှင့်နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအပေါ် ထိခိုက်သက်ရောက်နိုင်သည့် အရေးကြီးသော Issue တစ်ရပ် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် အစိုးရအုပ်ချုပ်ရေးစနစ်အပေါ် ပြည်သူများ၏ ယုံကြည်မှု လျော့နည်းနိုင်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိစေရေး၊ မှတ်တမ်းမှတ်ရာများကို စနစ်တကျထိန်းသိမ်းထားရှိရေး၊ အာဏာနှင့် တာဝန်များကိုခွဲခြားသတ်မှတ်ရေး၊ ဆုံးဖြတ်ချက်များအပေါ် တာဝန်ခံမှုရှိစေရေးတို့ကို အလေးထားဆောင်ရွက် ရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ မသမာမှုတစ်ရပ်ရပ်ကို တွေ့ရှိပါက သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်ကြားခြင်း၊ သတင်းပေးခြင်းနှင့် စိစစ်အရေးယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲကို တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ ဌာန၊ အဖွဲ့အစည်းနှင့် လုပ်ငန်းခွင်များသို့ ပြန်လည်ရောက်ရှိသည့်အခါ ယနေ့ရရှိသောအသိပညာများကို မိမိတစ်ဦးတည်းအတွက်သာမက မိမိတို့နှင့်အတူ တာဝန်ထမ်းဆောင်နေကြသည့် လုပ်ဖော်ကိုင်ဖက်များထံသို့လည်း ပြန်လည်မျှဝေပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အဂတိလိုက်စားမှု၏အဓိပ္ပာယ်၊ အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သောအခြေအနေများ၊ တားဆီးကာကွယ်ရေးနည်းလမ်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီးမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)