ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့၊ ဝင်္ကဘာတောရ ဘ/က စာသင်တိုက်၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

ပြည် ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ်သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော “သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်း" သင်တန်းဆင်းပွဲအခမ်းအနားကို ယ‌မန်နေ့မွန်းလွဲပိုင်းက ပြည်မြို့၊ နဝဒေးရပ်ကွက်၊ ပြည်မြို့နယ် (ဂိုဏ်းပေါင်းစုံ) သံဃနာယကအဖွဲ့ရုံးတည်ရာ ဝင်္ကဘာတောရ ဘ/က စာသင်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက "နမောတဿ" (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်မြို့နယ် (ဂိုဏ်းပေါင်းစုံ) သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် “မဟာသဒ္ဓမ္မဇောတိကဓဇ” “ဂန္ထဝါစကပဏ္ဍိတ” ဒေါက်တာဘဒ္ဒန္တဩဘာသ ဆရာတော်ထံမှ သင်တန်းဆင်း ဩဝါဒကထာ နာယူခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းဆင်း ဆရာတော် (၁၂၇) ပါးအား သင်တန်းဆင်းလက်မှတ်များကို မြို့နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်း/မြို့နယ် သံဃနာယက ဆရာတော်များနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ​ပြည်မြို့နယ် (ဂိုဏ်းပေါင်းစုံ) သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် “မဟာသဒ္ဓမ္မဇောတိကဓဇ”၊ “ဂန္ထဝါစကပဏ္ဍိတ” ဒေါက်တာဘဒ္ဒန္တဩဘာသ၊ ပြည်ခရိုင်စီမံခန့်ခွဲ‌‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ​မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ​မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိနှင့် ဒါယကာ၊ ဒါယိကာမများတို့က တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ဝဏ္ဏထွန်း(ပြန်/ဆက်)