ပဲခူးမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

ပဲခူး ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖြစ်ထွန်းလာစေရေး ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (MSME Agency) က ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပဲခူးမြို့ရှိ MSME Centre ၌ ကျင်းပသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်ကျော်လင်းက အဖွင့်အမှာစကားပြောကြားရာ၌ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်စွမ်းမြင့်မားလာစေရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးအဆင့် MSME Agency အဖွဲ့ဝင်များသည် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ၊ လေ့ကျင့်သင်ကြားမည့် အစီအစဉ်များနှင့် သင်တန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို ဇူလိုင် ၂၇ ရက်မှ ၃၁ ရက်အထိ (၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်လျက်ရှိကာ နည်းပြဆရာများက ကွတ်ကီးမုန့်၊ ပေါင်မုန့်နှင့် ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်နည်းများကို စာတွေ့၊ လက်တွေ့ပေါင်းစပ်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)