မြန်အောင်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြ အခမ်းအနားကျင်းပ

မြန်အောင် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက် တာမိုင် ၅/၅ ဧရာဝတီမြစ်အတွင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက အဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌအား သတင်းပို့ခြင်းဆောင်ရွက်၍ ရှာဖွေကယ် ဆယ်ရေး သရုပ်ပြတပ်ဖွဲ့ဝင်များက  Rescue Boat ၊ Assault Boat  များဖြင့် အလေးပြုခြင်း၊ ရှေ့နောက်စီတန်း၍ ရေရောင်စုံပက်ဖြန်းသရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ စက်လှေမီးလောင်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်ရေးဆောင်ရွက်မှုနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုသရုပ်ပြခြင်းတို့အား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲ့များက ပူး‌ပေါင်းသရုပ်ပြခြင်းဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားတွင် ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မြန်‌အောင်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့်အဖွဲ့ဝင်များ၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူးယာယီဒုရဲမှူးကြီးဝေလင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းသန်း၊ ဦးအောင်မျိုးဦး၊ မြန်အောင်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ကြည့်ရှုခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)