ဖျာပုံ ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော ချောင်းတွင်းကျေးရွာအုပ်စု၊ ချောင်းတွင်းကျေးရွာအား ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကို ဇူလိုင်လ (၂၈) ရက်နေ့နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော ကျေးရွာမြေငှားဂရန် ပေးအပ်ရာတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဇော်လွင်ဦးက ကျေးလက်နေပြည်သူများ ပိုင်ဆိုင်နေထိုင်ကြသော အိမ်၊ခြံမြေများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အတွင်း မြေငှားဂရန်ထုတ်ပေးရေးအတွက် ဖျာပုံမြို့နယ်ချောင်းတွင်းကျေးရွာမှာရှိသော အိမ်ထောင်စု (၅၀)၏ မြေနေရာများအား မြေငှားဂရန်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာမြေငှားဂရန် ချထားပေးခြင်းကို ရရှိသောပြည်သူများအတွက် များစွာအကျိုးရှိစေမှာဖြစ်ပြီး မြေငှားဂရန် ရရှိထားသော ပြည်သူများအနေဖြင့် ပေးအပ်ထားသည့် မြေငှားဂရန်စာချုပ်များကို စနစ်တကျ ထိန်းသိမ်းထားရှိရန်လိုကြောင်း၊ မြေငှားဂရန်စာချုပ်ပါ စည်းကမ်းချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်လိုကြောင်း၊ မြေခွန်များအားလည်း ကျေပွန်အောင် ပေးဆောင်ကြဖိုလို့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဖျာပုံခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ခင်ဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့်တာဝန်ရှိသူများက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ချောင်းတွင်းကျေးရွာအုပ်စု၊ ချောင်းတွင်းကျေးရွာရှိ အိမ်ထောင်စု (၅၀) ၏ မြေငှားဂရန်များအား ပြည်သူများ၏ လက်ဝယ်သို့ပေးအပ်ခဲ့ကြသည်။ ထို့နောက် ချောင်းတွင်းကျေးရွာ ပြည်သူများကိုယ်စား ကျေးရွာမြေငှားဂရန် ရရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်