သံတောင်ကြီးမြို့နယ်တွင် ထောပတ်သီးများ အထွက်နှုန်းလျော့နည်းသော်လည်းဈေးကောင်းရှိ

သံတောင်ကြီး ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာအသက်မွေးမှုအဖြစ် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီးပင်များကို မိမိတို့ဥယျာဉ်ခြံများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည်။ယခုအချိန်တွင်  ထောပတ်သီးများပေါ်ချိန်တွင်  အထွက်နှုန်းလျော့နည်းသော်လည်း   ဈေးကောင်းရရှိလျက်ရှိ ကြောင်းသိရသည်။

ထောပတ်သီးပင်များသည် ဆေးဖက်ဝင်သော နှစ်ရှည်ပင်သီးနှံအမျိုးအစားတစ်ခုဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်ကာ အာဟာရဓာတ်ပြည့်ဝစေသောကြောင့် လူကြိုက်များသော သီးနှံတစ်ခုဖြစ်သည်။ ယခင်နှစ်များတွင် ထောပတ်သီးတစ်လုံးကို   ကျပ်(၈၀၀)မှ ကျပ်(၁၀၀၀)ထိဈေးနှုန်းရရှိသော်လည်း  ယခုနှစ်တွင် ထောပတ်သီးတစ်လုံးကို  အရွယ်အစားပေါ်မူတည်၍ ကျပ်(၁၂၀၀)မှ ကျပ်(၁၅၀၀)ထိ   ဈေးကောင်းရရှိကြောင်း၊  ထောပတ်သီးများကို သံတောင်ကြီးမြို့ပေါ်တွင် ရောင်းချသည်သာမက တောင်ငူမြို့ရှိ သီးနှံရောင်းဝယ်သူများထံတွင် သွားရောက်ရောင်းချကြကြောင်း ထောပတ်သီးစိုက်ပျိုး လုပ်ကိုင်သူဦးအောင်ထူးထံက သိရသည်။

နော်နော်မူ