ဖြူး ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်ကျေးရွာအုပ်စု အလွတ်တန်းဘောလုံးပြိုင်ပွဲကို အသင်း (၁၀) သင်းဖြင့် ပွဲစဥ်အလိုက် ယှဥ်ပြိုင်သွားမည်ဖြစ်ရာ ယမန်နေ့ ညနေ (၃) နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားကွင်းရှိ ဘောလုံးကွင်း၌ ကွင်းဖွင့်ပွဲကိုကျင်းပခဲ့သည်။
ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင် (၂) ဦးဝင်းဆွေ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်တို့က အဖွင့်အမှာစကားပြောကြား၍ ဘောလုံးကန် ဖွင့်လှစ်ပေးပြီး အုပ်စုပတ်လည်ပွဲဦးထွက်အနေဖြင့် ကညွတ်ကွင်းအသင်းနှင့် ဘန်းလောင်အသင်းတို့ ယှဥ်ပြိုင်ကစားကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အုပ်စု (က) ဇေယျဝတီ (၁) အသင်း၊ ကညွတ်ကွင်းအသင်း၊ ဖြူး (၁) အသင်း၊ ဖြူးအရှေ့အသင်း၊ ဘန်းလောင်အသင်း၊ အုပ်စု (ခ) ဇေယျဝတီ (၂) အသင်း၊ ညောင်ပင်သာအသင်း၊ ဖြူး (၃) အသင်း၊ ဖြူး (၂) အသင်း၊ တံခွန်တိုင်အသင်း စုစုပေါင်းအသင်း (၁၀) သင်းသည် အုပ်စုပတ်လည် ပွဲစဥ် (၂၀) ယှဥ်ပြိုင်ကြပြီးနောက် အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်)၊ နောက်ဆုံဲးဗိုလ်လုပွဲ (ဖိုင်နယ်) ပွဲစဥ်များကို ဆက်လက်ယှဥ်ပြိုင်သွားကြရမည် ဖြစ်ကြောင်း ဘောလုံးပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)