ဟင်္သာတ ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မနက်ပိုင်းက ဟင်္သာတမြို့နယ်၊ လယ်တီကျေးရွာအုပ်စု၊ အင်းမကျေးရွာ အင်းမအလယ်ကျွန်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပွဲ စကားဝိုင်းကျင်းပခြင်းအားဖြင့် အစိုးရ၊ ပြည်သူနှင့် လွှတ်တော်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှသာ အဆင်ပြေချောမွေ့ပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ စကားဝိုင်းတွင် ပြည်သူများအနေဖြင့် ရပ်ရွာဒေသအတွက် အကျိုးရှိမည့် ကိစ္စရပ်များကို ဆွေးနွေးနိုင်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက ကျေးလက်ရေရှိရေး၊ ဆိုလာမီးလင်းရေးနှင့် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်နေမှုများကို လည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က လူတိုင်းသက်တမ်းစေ့နေနိုင်ရေး၊ ရောဂါဘယကင်းဝေးရေးစသည့် ရည်မှန်းချက်နှစ်ရပ်အပေါ် ဆောင်ရွက်နေသည့် အခြေအနေများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာယုနန္ဒာအောင်က သားငါးကဏ္ဏဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ချေးသည့်အစီအစဥ်များနှင့် တိရိစ္ဆာန်များ၏ ဇီဝလုံခြုံမှုဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းနိုင်စိုးက ရေခွန်တာတမံ ဥပဒေများ၊ စိုက်ပျိုးရေရရှိရေး၊ ရေကြီးနစ်မြုပ်မှုလျော့ချရေး၊ ရေဘေးအန္တရာယ်ကာကွယ်တားဆီးရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ်လျှပ်စစ်တာဝန်ခံဦးစိုးနိုင်က ကျေးလက်မီးလင်းရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်နေသည့်အပိုင်းနှင့် ကျေးရွာ အစီအစဥ်ဖြင့် ဆောင်ရွက်နိုင်သည့် လျှပ်စစ်မီးရရှိရေးအတွက် လုပ်ငန်းစဥ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ဦးစီးဌာန၏ မူဝါဒနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများ၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေမှုများနှင့်၊ ပြည်သူလူထုအတွင်း မှန်ကန်သည့် သတင်းအချက်အလက်များရရှိရေး ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆွေးနွေးကြရာ ကျေးရွာပြည်သူများမှ ပြန်လည်မေးမြန်းဆွေးနွေးမှုများကို တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)