လွိုင်ကော် ဇူလိုင် ၂၈
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ ခေတ္တပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၅−၂၀၂၆ နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နှစ်ဆက်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ အပြီးသတ်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်မှုနှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအရည်အသွေးပြည့်မီစွာဖြင့် အမြန်ပြီးစီးရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနသို့သွားရောက်ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘတ်စကက်ဘောရုံနှင့် တိုက်ကွမ်ဒိုအားကစားရုံများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေဖြင့် အကြီးစားပြန်လည်ပြုပြင်ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း ပြုပြင်ပြီးစီးရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်နှင့် ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ပြိုင်ပွဲများစဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားသည်။
ဆက်လက်၍ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တင်းနစ်အားကစားရုံ ပြန်လည်ပြုပြင်ရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်သမဝါယမဦးစီးဌာနသို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ် သမဝါယမရုံးဝန်း အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)