ကျိုက္ကစံစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းအောင်ပွဲ ဗုဒ္ဓဘိသေကအနေကဇာတင်နှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် သင်္ဃန်းကျွန်းမြို့နယ် ဆုတောင်းပြည့် ကျိုက္ကစံဆံတော်ရှင်စေတီတော်နှင့် အရံစေတီများ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းအောင်ပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားအား စေတီတော်အနောက်ဘက်မုခ် မင်္ဂလာမဏ္ဍပ်၌ ဇူလိုင်လ (၂၆) နေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ဧည့်ပရိတ်သတ်များက သြကာသကန်တော့ချိုးဖြင့် နမောတဿသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က ဆရာတော်များထံ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်ပြီး သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

အလှူတော်မင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ သင်္ဃန်းကျွန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်နှင့် ဂေါပကအဖွဲ့ဝင်များက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့သည်။ ယင်းနောက် လှူဒါန်းမှုများအတွက် ရေစက်ချအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးမြောက်ခဲ့သည်။ ထို့နောက် ဆရာတော်ကြီးများအား နေဆွမ်းဆက်ကပ်လှူဒါန်းပြီး ပရိတ်သတ်များအား နေ့လယ်စာဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)