ပေါက်ခေါင်း ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသူ၊ကျောင်းသားများက နိုင်ငံတော် အလံအား အလေးပြုခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးအသင်း (၆)သင်းနှင့် အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးအသင်း (၆)သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ဇူလိုင်လ (၃၁)ရက်နေ့တွင် အုပ်စုအဆင့် ရှုံးထွက်ပွဲစဉ်များကို ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဩဂုတ်လ (၂)ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဗိုလ်လုပွဲကို ကျင်ပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)