လှိုင်းဘွဲ ဇန်နဝါရီလ -၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ကမော့ကချူး ကျေးရွာအုပ်စု၊ ဖာပွန်ကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်းကို ၂၀၂၀ နိုဝင်ဘာလ ၁၄ ရက်တွင် စတင်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့တွင် လုပ်ငန်းများကို ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်၍ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါလမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ရွာဦးဘုန်းတော်ကြီးတို့မှ လမ်းဖွင့်ပွဲအတွက် ပရိတ်တရားရွတ်ဆိုပြီး ဖာပွန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော် ဥုးဝါရသာမိနှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းတို့မှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ လုပ်ငန်းအကျဉ်းချုပ်ဆောင်ရွက်မှုများအား ရှင်းလင်းခြင်းနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဖားအောက်တောရ ဆရာတော်နှင့်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းနှင့် အမွေးနံ့သာပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်းမှထောက်ပံ့ငွေ(၂၀,၀၀၀,၀၀၀)ကျပ်နှင့် ကျေးရွာလူထုထည့်ဝင်ငွေ (၂,၀၅၅,၀၀၀)ကျပ်တို့ဖြင့် လမ်းအရှည် ပေ(၁၄၈၅' x ၁၄' x ၆ '')ဖြစ်ပြီး လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာတာဝန်ကျ ဝန်ထမ်းများ၏စနစ်တကျလမ်းညွှန်မှု၊ ကျေးရွာသူ/ ကျေးရွာသားများ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖောင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)