ပဲခူးမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

ပဲခူး ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးပြည့်ဝသော မူကြိုပညာရေးဝန်ဆောင်မှုများ ပိုမိုမြှင့်တင်ပေးနိုင်ရေးနှင့် ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများ တိုးတက်မြင့်မားလာစေရေးရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ပဲခူးမြို့ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က အဖွင့်အမှာစကားပြောကြားရာ၌ ရှေးဦးအရွယ်ကလေးသူငယ်များအား မှန်ကန်စွာပြုစုပျိုးထောင်ပေးနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသော မူကြိုပညာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် သင်တန်းမှရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့အသုံးချ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဇော်ဝင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းသူများက “တောင်ယာဝင်ချိန်”၊ “မျှော်လင့်နေတုန်း”၊  “ပျို့ဖုန်းလှမ်းခဲ့ပါ”၊ “လက်ပန်ပွင့်ကောက်” နှင့် “ပန်းကမ္ဘာမျှော်စင်” စသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသူများ ပြုလုပ်ထားသည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို မူကြိုကျောင်းအသီးသီးမှ သင်တန်းသူ (၃၀)ဦးအား ဇူလိုင် ၇ ရက်မှ ၂၇ ရက်အထိ (၂၁)ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)