အုတ်ဖိုမြို့နယ်၌ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းဆောင်ရွက်

အုတ်ဖို ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ငါးရိက္ခာဖူလုံရေး၊ ငါးသယံဇာတပေါကြွယ်ဝရေးအတွက် ရည်ရွယ်၍ လင်းလွန်းပင်ကျေးရွာအနီးရှိ ရေထိန်းတံခါးရှေ့တွင် ဂမုန်းချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးသူရမိုးအောင်နှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ၂ လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ (၁၀၀၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၃၀၀၀၀) နှင့် ငါးဖမ်းမကောင်ရေ (၂၀၀၀၀) စုစုပေါင်းငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀) စိုက်ထည့်ခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)