ကော့သောင်းမြို့၌ အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကော့သောင်း ဇူလိုင် ၂၇

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင်ကုသရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပုလုံးတုံတုံးကျေးရွာ၊အထက(ခွဲ)ပုလုံးတုံတုံးကျောင်းတွင် ဆောင်ရွက်သည်။

ဟောပြောပွဲတွင် မြို့နယ်ငါးလုပ်ငန်း‌ဦးစီးဌာနမှတာဝန်ခံ ဦးစစ်စွမ်းရည်မျိုးသန့်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လတ်လတ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်နှင့် မြို့နယ်ငါးလုပ်ငန်း‌ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မူမူစိုးတို့က အလယ်တန်းအဆင့် (Grade-9) အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအတွက်  အထက်တန်းပညာရေးနှင့်အတူ လက်တွေ့အသက်မွေးဝမ်းကျောင်းပညာရပ်များကို ပူးတွဲသင်ကြားပေးရန် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ထားသော အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းများ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးစိတ်ပါဝင်စားသူများ ပညာသင်ယူနိုင်ရေးအတွက်  ကျောင်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းဝင်ခွင့်သတ်မှတ်အရည်အချင်းများ၊ အခြေခံသင်ကြားရေးစနစ်နှင့် ဘာသာရပ်များ၊ ပညာဆက်လက်သင်ယူနိုင်မည့်ပေါင်းကူးအခွင့်အလမ်းများစသည့် သိသင့်သိထိုက်သည်များ ဟောပြောခဲ့ကြသည်

အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများကို ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှ စတင်၍ တစ်နိုင်ငံလုံးရှိခရိုင်(၅၀)တွင် ကျောင်းပေါင်း (၅၁)ကျောင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင်ကျောင်းပေါင်း(၈၉)ကျောင်းအထိ တိုးချဲဖွင့်လှစ်ထားရှိရာ အလယ်တန်းအဆင့်(Grade-9) အောင်မြင်ပြီးသူ (သတ်မှတ်အရည်အချင်းကိုက်ညီသူ)များ  တက်ရောက်ခွင့်ရှိပြီး အဆိုပါကျောင်းများတွင် အခြေခံပညာအထက်တန်းအဆင့် (Grade-10, Grade -11, Grade -12) ဘာသာရပ်များနှင့်အတူ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဟူသော အသက်မွေးဝမ်းကျောင်းအဓိက အထူးပြုဘာသာရပ်(၃)မျိုးကို  ပေါင်းစပ်သင်‌ကြားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)