လိပ်သို ဇူလိုင် ၂၇
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့၌ ကက်သလစ်အသင်းတော်၏ မိဘများပွဲနေ့သည် ပွဲတော်တစ်ခုသာမဟုတ်ဘဲ မိသားစုမေတ္တာကို ပိုမိုခိုင်မာစေရန်၊ မိဘတို့၏ စွန့်လွှတ်အနစ်နာခံမှုကို အသိအမှတ်ပြုရန်နှင့် မိဘများ၏ကြီးမားလှသည့် အဖိုးမဖြတ်နိုင်သော ကျေးဇူးကို သိရှိနားလည်ရန် “သင်၏အသက်တာရှည်မည့်အကြောင်း သင်၏မိဘကို ရိုသေစွာပြုလော့” ဆောင်ပုဒ်ဖြင့် မိဘများပွဲနေ့အခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် (၁၀) နာရီက အမှတ် (၃) ရပ်ကွက်ရှိ ကက်သလစ်ဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားတွင် လိပ်သိုမြို့ယေဇူးရွှေနှလုံးတော်ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr ရစ်ချက် က အဖွင့်ဆုတောင်းမေတ္တာဖြင့် မိဘပွဲနေ့အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော် က အမှာစကားပြောကြားခြင်း၊ မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့်က မိဘများနှင့်သားသမီးများအတွက် အားပေးစကားပြောကြားခြင်း၊ သားသမီးများကိုယ်စား လိပ်သို အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဦးက မိဘများကို ကျေးဇူးတင်စကားပြောကြားခြင်း၊ မိဘများအတွက် ဩဘာစာဖတ်ကြားပေးခြင်း၊ မိဘများကို ရှိခိုးကန်တော့ခြင်းနှင့် ဂါရဝလက်ဆောင်ပေးအပ်ခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မိဘများအား ဂါရဝပြုဧည့်ခံကျွေးမွေးခြင်း၊ ဧည့်ပရိတ်သတ်များအား စတုဒိသာကျွေးမွေးခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့ပြီး လိပ်သိုမြို့ပေါ်ရှိ စိန်ဒေါမိနစ်ဘော်ဒါ ကျောင်းသားများ၊ စိန်ဖရန်းစစ်ဇေးဗီးယားဘော်ဒါကျောင်းသူများ၊ သာသနာပြုကလေးသူငယ်များ၊ မိခင်အားနာသင်းအဖွဲ့ဝင်များ၊ မူကြိုကလေးငယ်များနှင့် လူငယ်မောင်မယ်များက မိဘများအတွက် ဂုဏ်ပြုတေးသီချင်းများ၊ အကများဖြင့် သီဆိုကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
နော်ဖလောရင်း