နတ်မောက်မြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) (RCC) သုံးထပ်ဆောင် တည်ဆောက်ရန် မြေနေရာ ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပ

နတ်မောက်  ဇန်နဝါရီ  ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ( RCC) သုံးထပ် အဆောက်အအုံ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းရွှေနှင့် တာဝန်ရှိသူတို့က အဆောက်အအုံဆောက်လုပ်မည့်နေရာတွင် ပန္နက်ရိုက်ပေးပြီး အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ ယခင် လူထုအခြေပြုဗဟိုဌာန (Community Centre) (၄၄× ၂၄) အဆောက်အအုံဖြင့်  ကျောင်းသား/သူ လူငယ်လေးများအတွက် ပြပွဲ၊ ပြိုင်ပွဲများကျင်းပခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက် အကူပြုသင်တန်းများဖွင့်လှစ်ခြင်း၊ (Book Club) အဖွဲ့အစည်း များဖြင့်  စာပေနှီးနှော ဖလှယ်ပွဲများ ကျင်းပခြင်း၊ (Women's Club)  အဖွဲ့အနေဖြင့် အမျိုးသမီးအခွင့်အရေးများ ကာကွယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ (Youth's Club) အဖွဲ့အစည်းများဖြင့် ဝါသနာတူလူငယ်များစုစည်း၍ အသိပညာ ဗဟုသုများ တိုးတက်ရေးလုပ်ငန်းများနှင့် ပြည်သူအကျိုးပြု လုပ်ငန်းများ  အောင်မြင်အောင် ဆောင်ရွက် နိုင်ပါတယ် ၊ ယခုလို လူထုအခြေပြုဗဟိုဌာန (Community Centre) (RCC) သုံးထပ် အဆောက် အအုံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေ လုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်တာဖြစ်ပြီး တည်ဆောက် ပြီးစီးပါက  ပြပွဲပြိုင်ပွဲများကျင်းပခြင်း၊ အသက် မွေးဝမ်းကြောင်း ဆိုင်ရာ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ် ခြင်းနှင့် ပြည်သူအကျိုးပြုအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူး  ဒေါ်ဥမ္မာခင်မှ ပြောကြားသည်။

လှဝင်း (နတ်မောက်)