တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်

ကျွန်းစု  ဇူလိုင်  ၂၆

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၂၆)ရက် နံနက်ပိုင်းက ကျွန်းစုမြို့ အမှတ်(၄)ရပ်ကွက်တွင် အပြည်ပြည်ဆိုင်ရာ  ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတက်ရောက်သည်။

မိုးရာသီ ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတော်၌ စိုက်ပျိုးကြမည့်ပျိုးပင်များကို တာဝန်ရှိသူများအား ပေးအပ်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ပြည်ဖြိုးထွန်းကုမ္ပဏီဝန်ထမ်းများမှ ဒီရေတောသစ်ပင်များကို စုပေါင်းစိုက်ပျိုးပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတက် ရောက်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးသည်။ ဒီရေတောသစ်ပင် စုပေါင်းစိုက်ပျိုးရာတွင် ဗြူးအုပ်ဆောင်း၊ ဗြူးခြေထောက်၊ လမု၊ သမဲ့၊ ကနစို၊ ကျန၊ ပင်လယ်အုန်း စုစုပေါင်း(၁၂၂၁)ကို စုပေါင်းစိုက်ပျိုးပေးကြသည်။ ထို့အတူ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၏ ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအစဉ်ဖြင့် အုန်းပင်စိုက်ပျိုးခြင်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဒေသခံများနှင့်အတူ လမ်းဘေးဝဲယာတွင် လေကာတန်းအုန်းပင် အပင်(၁၀၀)စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )