ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသခံပြည်သူများမှာ မိမိတို့၏ခြံဝင်းများနှင့် ဉယျာဉ်ခြံများတွင် အလေ့ ကျပေါက်ခြင်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် သံပုရာပင်များမှ သံပုရာသီးများခူးဆွတ် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
သံပုရာပင်ကို စနစ်တကျစိုက်ပျိုးမည်ဆိုပါက အစေ့ချစနစ်ဖြင့်လည်းကောင်း၊ ကိုင်းကူးစနစ်ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ပြီး အစေ့ချနည်းဖြင့် စိုက်ပျိုးပါက စိုက်ပျိုးရန် တစ်ပေခွဲ မြေကျင်းတူးပြီး မြေဆွေးထည့်ကာ တစ်ပင်နှင့်တစ်ပင် (၁၀)ပေခန့်ထား၍ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး(၂)နှစ်အကြာတွင်အသီးများ စတင်ထွက်ရှိကာ သံပုရာသီးများကြီးထွားဖွံ့ဖြိုးစေရန်နှင့် ပိုးမွှားအန္တရာယ်ကင်းစေရန် အပင် အားဆေးနှင့် ပိုးသတ်ဆေးတို့ ပက်ဖျန်းပေးခြင်းဖြင့် သံပုရာသီးများ လှိုင်လှိုင်ထွက်ရှိလာမည်ဖြစ်ပြီး နွေရာသီတွင် သံပုရာသီး တစ်လုံးလျှင်(၅၀၀)ကျပ် သံပုရာသီးလှိုင်လှိုင်ထွက်ရှိသည့်အချိန်တွင် (၂) လုံးလျှင် (၅၀၀)ကျပ် ရရှိကြောင်းသံပုရာပင်စိုက်ပျိုးထားသူ တစ်ဦးထံမှသိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ရှိ တောင်သူများမှာ မိသာစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် နှစ်ရှည်ပင်များဖြစ်သည့် ပိန္နဲ၊ ငှက်ပျော၊ သရက်၊ မင်းဂွတ်၊ ကြက်မောက်၊ ဒူးရင်း၊ နာနတ်နှင့် သံပုရာပင်များကို တစ်နိုင်တစ်ပိုင် သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြာင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)