အိမ်မဲ ဇူလိုင် ၂၆
တေရသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး ပဉ္စမဆုရရှိသူနှင့် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရရှိသော ကျောင်းသား/ သူများ၊ ဂုဏ်ထူးအောင် ကျောင်းသား/ သူများနှင့် ရိုးရိုးအောင် ကျောင်းသား/ သူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့ နေ့လယ် (၁၂) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို ကြွရောက်တော်မူလာသော ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသူများက “နမောတဿ” (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အိမ်မဲမြို့နယ် သုတစုံလင်ဗုဒ္ဓအဖွဲ့ ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တမဟိန္ဒမှ အဖွင့်ဩဝါဒကထာ ကိုလည်းကောင်း အိမ်မဲမြို့နယ် သံဃာ့နာယကအဖွဲ့အကျိုးဆောင်(ရွှေကျင်)၊ သုတစုံလင်အဖွဲ့ ဥက္ကဋ္ဌဓမ္မမေဒနီကျောင်းတိုက်ဆရာတော် ဦးပညာစက္ကမှ ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည်များအား လည်းကောင်း မိန့်ကြားခဲ့ကြသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ထို့နောက်အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးမြင့်အောင်မှ သာသနာတော်ဆိုင်ရာများကို လျှောက်ထားခဲ့ပြီး အိမ်မဲမြို့နယ်သုတစုံလင် ဗုဒ္ဓဝင်အဖွဲ့ဥက္ကဋ္ဌ (မင်္ဂလဇောဓိကဓဇ) ဆရာကြီး ဦးနေဝင်းကြည်မှ စာဖြေဌာန စတင်ခဲ့ပုံများအား ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ ဗဟိုဥက္ကဋ္ဌဆရာတော် ဒေါက်တာပဏ္ဍိတဘိက္ခု မှဂုဏ်ပြုချီးမြှင့်စကား မိန့်ကြားပြီး အိမ်မဲမြို့နယ် သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့တာဝန်ခံမှ ကျေးဇူးတင်စကားပြောကြားကာ တေရသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင်မြန်မာတစ်နိုင်ငံလုံး ပဉ္စမဆုရရှိသူ မဖူးဖူးဝေနှင့် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရရှိသော ကျောင်းသား/ သူများ၊ ဂုဏ်ထူးအောင် ကျောင်းသား/ သူများနှင့် ရိုးရိုးအောင်ကျောင်းသား ကျောင်းသား/ သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများအား ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို” ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)