အုတ်ဖိုမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကျင်းပ

အုတ်ဖို ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင် ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အုတ်ဖိုမြို့နယ်၊ သင်မန်းကုန်းကျေးရွာအုပ်စု၊ အုန်းနှဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပါ၀င်ဆွေးနွေးမည့်ပုဂ္ဂိုလ်များဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းလွင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်စိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအဲလစ်စဘတ်ဝင်းရှိန်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်သိန်းတို့က ပြည်သူ့စကားဝိုင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည် ။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မိမိတို့ကျေးရွာတွင် ရေကြီးနစ်မြုပ်မှုအန္တရာယ်မှကာကွယ်ပေးနိုင်ရေး၊ မွေးမြူရေး လုပ်ငန်းများအတွက် ချေးငွေများထုတ်ချေးနိုင်မည့်နည်းလမ်းများ၊ ဒေသခံပြည်သူများမှလည်း မိမိတို့ကျေးရွာတွင် လိုအပ်သည့် ကဏ္ဍများအလိုက် မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာတာ၀န်ရှိသူများက အသေးစိတ်ရှင်းလင်းပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

အောင်သူ (အုတ်ဖို)