ပြည် ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ကြီးမှူး၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တရားရုံးက ကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ ကမ်းနားလမ်းရှိ ဂင်္ဂါဝတီခန်းမ၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တရားသူကြီး ဦးမင်းသန့်က “မူပိုင်ခွင့်ဆိုင်ရာ တရားမမှုနှင့် ရာဇဝတ်မှုများ စွဲဆိုခြင်း နှင့် စစ်ဆေးစီရင်ခြင်း” ခေါင်းစဉ်ဖြင့် မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများအရ တရားမမှုနှင့် ရာဇဝတ်မှုများ စွဲဆိုခြင်းနှင့် စစ်ဆေးစီရင်ခြင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေအရ တရားမမှုများ စွဲဆိုခြင်းနှင့် စစ်ဆေးစီရင်ခြင်းအကြောင်းကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသည့် ရှေ့နေများက သိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသော ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ခရိုင်တရားရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၌ တာဝန်ထမ်းဆောင်နေသော တရားသူကြီးများနှင့် တရားရေးအရာရှိများ၊ ပြည်ခရိုင်အတွင်းရှိ ရှေ့နေအသင်းများမှ အသင်းဝင်တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများနှင့် အလုပ်သင်ရှေ့နေများ အပါအဝင် စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝဏ္ဏထွန်း (ပြန်/ဆက်)