အောင်လံမြို့၌ ၂၀၂၆ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

​အောင်လံ ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ဘောလုံးအသင်းများမှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ အထက(ရွာထောင်)မှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံမိဘပြည်သူများ စုစုပေါင်း အင်အား (၁၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့နောက် အောင်လံမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးလှရွှေမှ အဖွင့်မိန့်ခွန်း ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး၊ စစ်ကြောင်းမှူး ဦးဆောင်၍ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ အထက(ရွာထောင်)မှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့များ၏ တီးမှုတ်ကပြဖျော်ဖြေမှု၊ မြန်မာ့သိုင်းအားကစား ကပြဖျော်ဖြေမှုနှင့် ဗိုဗီနမ်အားကစား ဖျော်ဖြေမှုများကို ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် အောင်လံမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌမှ ဖျော်ဖြေရေးတင်ဆက်ခဲ့ကြသည့် ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် မြန်မာ့သိုင်းအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဘောလုံးအသင်း စုစုပေါင်း (၁၆) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပွဲစဉ်များကို စက်တင်ဘာလ ၁ ရက်နေ့အထိ ဆက်လက်ကျင်းပ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ ဖွင့်ပွဲနေ့တွင် တရော်ကုန်းအသင်းနှင့် ဇေယျဝတီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)