ကမမောင်း ဇူလိုင် ၂၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အောင်သိဒ္ဓိကုန်း၊ ကိုးနဝင်းဘုရားကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် သုံးထပ်သာသနာ့ဗိမာန်တော် ကျောင်းလွှတ်ပူဇာ ရေစက်ချအနုမောဒနာ တရားနာယူခြင်း မင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၇၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၁၂) ရက် (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်) တနင်္ဂနွေနေ့တွင် အဆိုပါ ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်၊ ဖာပွန်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံအလှူရှင်များနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကာ သထုံမြို့ ဓမ္မဒူတခရမ်းကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များမှချီးမြှင့်သည့် ပရိတ်တရားတော်များကို စိတ်အေးချမ်းသာစွာ နာယူကြည်ညိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ဦးစောမျိုးမြင့်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်ဖိတ်ထားသော ကျောင်းဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် သထုံမြို့ ဓမ္မဒူတခရမ်းကျောင်းကျောင်းဆရာတော်ထံမှ အနုမောဒနာတရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး အခမ်းအနား အပြီးတွင် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ကမမောင်း(ပြန်/ဆက်)