ဟင်္သာတ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မျိုးဝင်းက ပြည်သူကို ဗဟိုပြုသောရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းများကို Power Point များဖြင့်တကွ အကျယ်တဝံ့ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်နှင့်မြို့နယ်များအတွင်း ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ရင်းရင်းနှီးနှီး စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက တက်ရောက်လာသူများအား မှုခင်းလျှော့နည်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးဇော်မျိုးဝင်းနှင့် ခရိုင်နှင့်မြို့နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်ပါတီဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)