ဧရာဝတီတိုင်းဒေသကြီးတွင် ပြောင်းစိုက်ပျိုးမြေ ဧက (၄၀,၀၀၀) ကျော်ရှိပြီး နှစ်စဉ်ပြောင်းတန်ချိန် (၁၄၀,၀၀၀) ကျော် ထွက်ရှိ

ပုသိမ် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီးတွင် ပြောင်းစိုက်ပျိုးမြေ ဧက (၄၀,၀၀၀) ကျော်ရှိပြီး နှစ်စဉ်ပြောင်းတန်ချိန် (၁၄၀,၀၀၀)ကျော် ထွက်လျက်ရှိပြီး ပြည်တွင်းစားသုံးမှုကိုသာမက ပြည်ပဈေးကွက်အတွက်ပါ အရည်အသွေးမြင့်ပြောင်း ထုတ်လုပ်ပေးနိုင်သည့် အရေးပါသော ထုတ်လုပ်မှုဒေသတစ်ခု ဖြစ်လာနိုင်ပါကြောင်း ယမန်နေ့နံနက်ပိုင်းက ချောင်းသာမြို့၊ Golden Bay ဟိုတယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၈ သက်တမ်း (ပထမအကြိမ်) ဧရာဝတီတိုင်းပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။

ဆက်လက်၍ ထွက်ရှိသည့်ကုန်များကို ပုသိမ်ဆိပ်ကမ်းမှ ပြည်ပသို့တိုက်ရိုက် တင်ပို့နိုင်ပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်သည့်အတွက် ဧရာဝတီပြောင်းအသင်းအနေဖြင့် ပြောင်းစိုက်ဧကတိုးချဲ့နိုင်ရေး၊ ပုသိမ်ဆိပ်ကမ်းမှ အခြားနိုင်ငံများသို့တင်ပို့နိုင်ရေး ပိုမိုအားထုတ် ဆောင်ရွက်စေလိုကြောင်းပြောကြားသည်။

၎င်းအစည်းအဝေးတွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ ဂုဏ်ထူးဆောင်နာယကက မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းတည်ထောင်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ ဥက္ကဋ္ဌနှင့် ဧရာဝတီပြောင်းလုပ်ငန်းအသင်း၏ ဥက္ကဋ္ဌတို့က အသင်း၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီပြောင်းအသင်း၏ ပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ချောင်းသာမြို့၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား အားပေးစကားများ ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံ၍ လူနာများအား ပြုစုစောင့်ရှောက်ရာတွင် စေတနာပါပါဖြင့် ဆောင်ရွက်ပေးရန်လိုပါကြောင်း၊  ဆေးရုံအထောက်အကူပြုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများအနေဖြင့် နွမ်းပါးလူနာများ ဆေးရုံတက်ရောက်ကုသရာတွင် အခက်အခဲ မရှိစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုပါကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ပုသိမ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသော အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာနှင့် တိုက်နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် Chaung Tha FC အသင်းနှင့် Family Six FCအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)