မြဝတီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနိုင်ရန်အတွက် လူဦးရေစာရင်း ကောက်ယူသွားမည်

မြဝတီ  ဇန်နဝါရီ ၂၆

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်ရန်အတွက် လူဦးရေစာရင်း လိုက်လံ ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။

“ကျွန်တော်တို့ စာရင်းကောက်တာတော့ ရပ်ကွက်ကနေပဲ ကောက်သွားမှာပါ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် အပိုင်ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို ညွှန်ကြားမယ် အဲ့ကနေ စာရင်းကောက်ပြီး စာရင်းချုပ်တင်ပြရမှာပါ၊ ၂၈ ရက်နေ့ပြည်နယ်ကိုတင်ပြရမယ်ဆိုတော့ ခရိုင်ကတော့ ၂၇ ရက်နေ့အရောက်တောင်းထားပါတယ်၊ ကောက်ရတဲ့အချိန်က တအားနည်းတယ်၊ ကျွန်တော်တို့ဆီက Floating များတယ်၊ နာမည်စာရင်းကျန်သွားနိုင်တယ်၊ အဲ့တာတွေတော့ နောက် ဆက်တွဲစာရင်းနဲ့ ပြန်တင်ဖို့ လုပ်ထားတယ်၊ အခုရသလောက်စရင်းကတော့ သူတို့တောင်းထားတဲ့ ရက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောသည်။

ထိုသို့ စာရင်းကောက်ယူရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းအား ကောက်ယူသွားမှာဖြစ်ပြီး မိမိတို့ နာမည်စာရင်း မကျန်ရှိစေရေး နာမည်စာရင်း လာရောက် ကောက်ယူခြင်းမရှိပါက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ သွားရောက် စာရင်းပေး နိုင်ကြောင်းသိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)