လွိုင်ကော် ဇန်နဝါရီ ၂၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရသက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များ ချပြရှင်းလင်း ဆွေးနွေး အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်၊ အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့် အမျိုးသမီးများ ကိုလည်း ရွေးချယ်နိုင်ကြောင်း၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင်လည်း သမာသမတ်ကျကျ ရွေးချယ်ရန်လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သည်နှင့်အညီ ပြည်သူ များ ရွေးချယ် တင်မြောက်သော အစိုးရဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင်လည်း မိမိရပ်ရွာ အတွင်းမှာရှိသည့် ပြည်သူများက ရွေးချယ်ရမည်ဖြစ်သဖြင့် မိမိ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးဆောင် ဦးရွက် ပြုနိုင်သူများကို ဦးစားပေးစဉ်းစား ရွေးချယ်ကြရန် လိုကြောင်း၊ ပြီးစလွယ် ရွေးချယ်ခြင်းမျိုး မဟုတ်ဘဲ ပြည်သူအားလုံးပါဝင်ပြီး ကိုယ့်ရပ်ရွာအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်မည့်သူများကိုသာ ရွေးချယ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဦးနှင့် အကူအညီပေးရေးအဖွဲ့တို့က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေပါ အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုများ ဖွဲ့စည်းရေး၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့်အချင်းများ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခန့်အပ်တာဝန်ပေးခြင်း စသည့် ပြဋ္ဌာန်းချက်များ၊ နည်းဥပဒေပါ ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ စသည်တို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)