ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

ဘားအံ ဇူလိုင် ၂၆

မြို့အင်္ဂါရပ်နှင့်အညီ Green City ၊ Clean City ဖြစ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အခါအားလျော်စွာဆောင်ရွက်ကြရာ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများသည် ဘားအံမြို့နယ်၊ ကော့သိုက်ကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ ပိုင်ရမ်းကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ ဒုံရင်းအခြေခံပညာအထက်တန်းကျောင်းနှင့် ၎င်းကျောင်းနှင့်တွဲဘက်ဖွင့်လှစ်ထားသော စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်းတို့တွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်း ဖော်ခြင်း၊ စွန့်ပစ်ပလပ်စတစ်နှင့်အမှိုက်များရှင်းလင်းခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယာဉ်၊ ယန္တရားများအသုံးပြုဆောင်ရွက်နေခြင်းအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများ၏ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည်စုံလုံလောက်မှုရှိ/မရှိနှင့် သန့်စင်ခန်းများပြည့်စုံလုံလောက်မှုရှိ စေရေးကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

အလားတူ ဒုံရင်းအခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကောင်စီ အသင်း (၅) သင်း၏ ဒေသငှက်ပျောမျိုးများစုပေါင်းစိုက်ပျိုးပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား ဒေသငှက်ပျောမျိုးများ ဖြန့်ဝေပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ငှက်ပျောပင်များစုပေါင်းစိုက်ပျိုးနေမှုကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)