တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်ပြည်သူ့ဆေးရုံ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှု ကြည့်ရှုအားပေး၊ ဘိုးဘွားရိပ်သာ ဘိုးဘွားများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်၊ မြိတ်အင်းလေးမြိုင်စက်မှုဇုံအား သွားရောက်ကြည့်ရှု

မြိတ် ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၂၅) ရက်နံနက်ပိုင်းက မြိတ်ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုအားပေးသည်။

စုပေါင်းသန့်ရှင်းရေးကို ပြည်သူ့ဆေးရုံအဝင်လမ်း၊ ဆေးရုံအရှေ့နှင့် ဆေးရုံဝန်းကျင်တွင် မြက်ပင် များ၊ ပေါင်းပင်များ၊ ခြုံနွယ်များ၊ သစ်ကိုင်းခြောက်များအား မြက်ဖြတ်စက်၊ ဓား၊ ပေါက်တူး၊ ထွန်ခြစ်နှင့်တံမြက်စည်းများဖြင့် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုပေါင်းခုတ်ထွင်ရှင်းလင်း ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ပြည့်သူ့ဆေးရုံ ယာဘက်ဝင်းအတွင်း၌ ဆေးရုံဝန်ထမ်းများအတွက် (၈)ခန်းတွဲ(၄)ထပ် အဆောက်အဦတည်ဆောက်ရန် မြေနေရာအား ဆေးရုံအုပ်ကြီးက လိုက်လံပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှုကြသည်။ ဆက်လက်၍ ဆေးရုံအစည်းအဝေး ခန်းမတွင် ဆေးရုံအုပ်ကြီးက ဆေးရုံဆိုင်ရာအချက်အလက်များနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ဆေးရုံဆေးပဒေသာပင်အတွက် စေတနာရှင်မိသားစုမှ တိုင်းဒေသကြီးအစိုးရအဖွဲ့မှတဆင့် လှူဒါန်းသည့် အလှူငွေကျပ်သိန်း (၁၀၀) ‌ပေးအပ်သည်။

ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ တောင်သာယာ ဘိုးဘွားရိပ်သာသို့ ရောက်ရှိခဲ့ကြပြီး ဘိုဘွားရိပ်သာမုဒ်ဦးနှင့် ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘိုးဘွားရိပ်သာခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘိုးဘွားများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ပွဲတက်ရောက်၍ ဘိုးဘွားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြု ဆုတောင်းပြောကြားသည်။

ထို့နောက် တောင်သာယာ ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌ ဦးတင်လှမှ ဘိုးဘွား ရိပ်သာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဆုတောင်း စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် အာဟာရမုန့်များနှင့် အလှူငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘိုးဘွားများအား တစ်ဦးချင်း လှူဒါန်းပေးအပ်၍ ဘိုးဘွားများအား မြိတ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေး စောင့်ရှောက်မှုပေးနေခြင်းအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ မြိတ်တောင်ကျေးရွာရှိ အင်းလေး မြိုင်စက်မှုဇုံသို့သွားရောက်၍ ဒေသတွင်းထွက်ရှိသည့်ငါးမျိုးစုံကို ပြည်သူများ နေ့စဉ်စားသုံးရန် အတွက် လက်လီလက်ကား ရောင်းဝယ်လျက်ရှိသော ငါးဈေးတွင် ဒေသခံများရောင်းဝယ် ဆောင်ရွက်နေမှုအား ကြည့်ရှုပြီး စက်မှုဇုံအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ခိုင်ဇင်ယော်ကုမ္ပဏီနှင့် ထူးထူးတိုးကုမ္ပဏီ၏ ငါးအမှုန့်ကြိတ်စက်ရုံသို့ သွားရောက်၍ ပါကေးငါးကုန်ကြမ်းမှ တိရစ္ဆာန်အစာ ငါးမှုန့်ကုန်ချောအဖြစ် စက်ရုံအတွင်း လည်ပတ်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ လိုက်လံရှင်းလင်းရာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝန်ကြီးချုပ်မှ ထင်းအစားထိုးလောင်စာဆောင်ရွက်ရေး စီမံဆောင်ရွက်ရန်၊ ဒေသခံများ ကျန်းမာရေးနှင့် စိတ်အနှောင့် အယှက်ဖြစ်‌စေမည့် အနံဆိုးများ၊ ရေဆိုးများမထွက်စေရေးအတွက် အဆင့်မြင့်နည်းပညာများဖြင့် ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )