ဖျာပုံ သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်နှင့် အမာမြို့တို့တွင် ပင်လယ်ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော ရေလုပ်ငန်းရှင်များနှင့်ရေလုပ်သားများအား ၂၀၂၀ -၂၀၂၁ ခုနှစ် ငါးဖမ်းလုပ်ငန်း ရာသီအတွက် တရားမဝင်ငါးဖမ်းဆီးမှုများနှင့် လုပ်ငန်းခွင်ရေလုပ်သားများ ဘေးကင်းလုံခြုံမှုရှိစေရေး၊ လူကုန်ကူးမှု ပပျောက်ရေး တရားဝင်မှတ်ပုံတင်ထားသော ရေလုပ်သားများသာ လုပ်ငန်းခွင်ဝင်ရောက်စေရေး စသော စည်းကမ်းတကျ လုပ်ငန်းလုပ်ကိုင် စေရေးအတွက် ယမန်နေ့ နေ့လယ် (၁၂)နာရီက ခါးပြတ်ကျေးရွာ စစ်ဆေးရေးဂိတ် တည်ဆောက်မည့် နေရာအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးကိုကိုလွင်၊ အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းဦး၊ ဒေါ်ညိမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးရွှေပေါ၊ ခါးပြတ်ကျေးရွာ ကျားပိုက်လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် အသင်းမှ တာဝန်ရှိသူများ လိုက်ပါ၍ ခါးပြတ်ကျေးရွာတွင် ထားရှိမည့် ပင်လယ်ပြင် ဝင်/ထွက် စစ်ဆေးရေစခန်း ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုခြင်းနှင့် ဒေသခံရေလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ၂၀၂၀ -၂၀၂၁ ခုနှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် တရားမဝင်ငါးဖမ်းဆီးမှုများနှင့် လုပ်ငန်းခွင် ရေလုပ်သားများ ဘေးကင်း လုံခြုံမှုရှိရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ တရားဝင်မှတ်ပုံတင်ထားသော ရေလုပ်သားများသာ လုပ်ငန်းခွင်ဝင်ရောက်စေရေးစသော စည်းကမ်းတကျ လုပ်ငန်းလုပ်ကိုင် စေရေးတို့ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)