ထန်းတပင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လက်ရှိတာဝန် ထမ်းဆောင်လျက် ရှိသော ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ ၁ ရက် နေ့မှစ၍ တာဝန်ထမ်း ဆောင်နိုင်ရေးအတွက် ရွေးချယ်တာဝန် ပေးနိုင်ရန် ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်  ၂ နာရီခွဲ အချိန်က ရေကာကျေးရွာ ဘုရားဝန်း အတွင်းရှိ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းကိုကိုက ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အကြောင်းတို့ကို  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ရှင်းလင်းပြောကြားပေးခဲ့ ပြီး  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစံသိန်းမှ ရွေးချယ်ရမည့် နည်းလမ်းများ ကို ပြောကြားပေးခဲ့သည်။ ထို့နောက်  တက်ရောက်လာကြသူများက သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)