ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၂၅

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်နှင့် မြို့နာမ်စေတီတော်၌ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန် မြို့နာမ်စေတီတော် စွယ်တော်တိုက်၊ ဓမ္မာရုံနှင့် သာသနိကအဆောက်အအုံများ တင့်တယ်သပ်ရပ်မှုရှိအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများက ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံတွင် အသုံးပြုလျက်ရှိသည့် အောက်ဆီဂျင်စက်ရုံများနှင့် အရန်အောက်ဆီဂျင်စက်များ ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျထိန်းသိမ်းရန်၊ လူနာနှင့်လူနာရှင်များ စိတ်အေးချမ်းသာမှု ရရှိစေရေးအတွက် ဆေးရုံသန့်ရှင်းသာယာရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနက ဆောင်ရွက်သည့် မင်းစုရပ်ကွက်၊ စည်သူလမ်း (၉၃၅၀)ပေအား Concrete Pave Shoulder လုပ်ငန်းနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်သည့် ထေးသမရပ်ကွက်၊ ဒွေးမယ်နော်လမ်း (၇၁၀)ပေနှင့် ကျောင်းသားကွင်းလမ်း (၅၆၀)ပေ ကတ္တရာခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချိကယ်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းတိုက်တွင် ယာယီနေထိုင်၍ ကျောင်းတက်ရောက်နေသည့် ဒေါတချား(ကယား)နှင့် ဒေါတချား(ပအိုဝ်း)ကျေးရွာမှ ကျောင်းသူကျောင်းသားများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး ဆောင်ရွက်ပေးထားသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)