ထားဝယ်ခရိုင်အတွင်းရှိ မြို့များ၌နွေရာသီတွင် သောက်သုံးရေရှားပါးမှု ဖြေရှင်းဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ထားဝယ်   ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိမြို့များ၌ နွေရာသီတွင် သောက်သုံးရေ ရှားပါးမှု ဖြေရှင်းဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင် က ယခု ဆွေးနွေးပွဲ တက်ရောက်လာသူများအနေဖြင့် ထားဝယ်ခရိုင်အတွင်း မိဘပြည်သူများ သောက်ရေ၊ သုံးရေရှားပါးမှုအတွက် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးရမလဲအမြင်နှင့် နွေရာသီတွင် ဖြစ်ပွားတတ်သော မီးဘေးအန္တရာယ်အတွက် မီးသတ်ဦးစီးဌာန၌ ရေသိုလှောင်မှုရှိမရှိ၊ မရှိပါက မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးရမလဲအမြင်များကို ထည့်သွင်းစဉ်းစားပေး​စေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက  သောက်သုံးရေ ရှားပါးမှု ဖြေရှင်းဆောင်ရွက်မည့် အစီအစဉ်များ နှင့် လတ်တလော ဖြေရှင်းဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်ထာသူများက မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများတွင် သောက်သုံးရေ ရရှိမှုအခြေအနေများ၊ တူးဖော်ရရှိနိင်သည့်အခြေအနေများ၊ စိမ့်စမ်းရေ သွယ်တန်း၍ ရရှိနိုင်မည့် အခြေအနေများ၊ ရေအရင်းအမြစ်နှင့် ရေလှောင်ကန်များမှ တူးဖော်ရမည့် အခြေအနေများ အကြောင်းစသည့်တို့ကို အကြံပြုရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ရေပေး ဝေရေးလုပ်ငန်းရှင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)