ချောင်းဦး ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ခုနှစ် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ ချည်မျှင်ရှည်ဝါသီးနှံ လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးကျိုးစားကြရန် အမှာစကားပြောကြားခဲ့သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေမှ ဝါသီးနှံအထွက်နှုန်း မြင့်မားစွာရရှိရေးအတွက် ဓာတ်မြေသြဇာထည့်သွင်းနည်းစနစ်၊ ပိုးမွှားကာကွယ်နှိမ်နင်းရေး နည်းစနစ်နှင့် သီးညှပ်စိုက်ပျိုးနည်းစနစ်များ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ QIP အစီစဥ်တွင် ပါဝင်စိုက်ပျိုးသည့် ဝါစိုက်တောင်သူများအား MPE ဓာတ်မြေသြဇာများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တောင်သူများအား ဓာတ်မြေသြဇာနှင့် မြေဆွေးအချိန်ကိုက် အချိုးကျရောစပ်အသုံးပြုနည်းကို လက်တွေ့သရုပ်ပြသသည်။
ချောင်းဦးမြို့နယ်တွင် ယခုနှစ် မိုးချည်မျှင်ရှည်ဝါ ၃၈၇၀ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၁၇၇၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)