မကွေး ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည်အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် ကန်လှကျေးရွာအနီးရှိ လယ်ယာသုံးစက်ပစ္စည်း၊ ထွန်စက်အရောင်းဆိုင်များနှင့် ကန်လှကျေးရွာအရှေ့ကန် (ရွာဦးကန်)မြေသားကန်ပြုပြင်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ကန်လှကျေးရွာ အနီးရှိ လယ်ယာသုံးစက် ပစ္စည်းနှင့် ထွန်စက်အရောင်းဆိုင်များဖြစ်သည့် FARMERS CHOICE TRACTOR ကုမ္ပဏီနှင့် Good Brother ကုမ္ပဏီ တို့တွင်ရောင်းချလျက်ရှိသော ထွန်စက်နှင့် လယ်ယာသုံး စက် ပစ္စည်းနှင့်ပတ်သက်၍ ကုမ္ပဏီတာဝန်ရှိသူများမှစတင် ဖွင့်လှစ်ရောင်းချမှု၊ တောင်သူများဝယ်ယူ အသုံးပြုမှုနှင့် ရောင်းချမှုဆောင်ရွက်ပေးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလယ်ယာသုံးစက်ပစ္စည်းနှင့် ထွန်စက်များအားတောင်သူများအနေဖြင့် ဝယ်ယူဆောင်ရွက်ရာတွင် အခက်အခဲမရှိ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ကုမ္ပဏီဘက်က အကောင်းဆုံးအရည်အသွေး၊ အသက်သာဆုံးဈေးနှုန်း၊ အနည်းဆုံး ကုန်ကျစရိတ်ဖြင့် ဆောင်ရွက်ပေးနိုင်ရေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များ ပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကကန်လှကျေးရွာအရှေ့ကန် (ရွာဦး) မြေသားကန်သို့သွားရောက်၍ အဆိုပါကန်အား မကွေးမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန၊ စက်မှုတိုင်း(၃) မှ မြေတူးစက်(၂)စီး၊ မြေသယ် ယာဉ်(၁) စီးတို့ဖြင့် ကန်ပေါင်ပေါ်ရှိ သစ်ပင်ခြုံနွယ်များအားဖယ်ရှား ရှင်းလင်းခြင်း၊ နှုံးများတူးဆယ်ခြင်း၊ ရေစီး/ရေလာကောင်းမွန်စေရန် ဆောင်ရွက်ပေးခြင်း၊ ကန်လမ်းဖောက်လုပ်ပေးခြင်း၊ သစ်ပင်ခြုံနွယ်များအားဖယ်ရှားရှင်းလင်းခြင်း၊ ကန်ပေါင်အား ပုံစံကျပြုပြင်ပေးခြင်း၊ ပယ်မြေနှင့် သစ်ကိုင်း/သစ်ပင်/ခြုံနွယ်များအား ဖယ်ရှားစွန့်ပစ်ပေးခြင်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)