ပေါင်းတည် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် မိုးစပါး ၇၃၅၁၄ ဧက လျာထား စိုက်ပျိုးလျက်ကြောင်း မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
ယခုနှစ် မိုးဦးကာလတွင် မိုးရွာသွန်းမှုများပြားခဲ့သဖြင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိခဲ့ကာ တောင်သူများ မိုးစပါးကို စောလျင်စွာစိုက်ပျိုး နိုင်ခဲ့ကြပြီး ယခု ဇူလိုင်လ တတိယပတ်တွင် ဧက ခုနစ်သောင်း သုံးထောင်ခန့် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ ယခုနှစ်တွင်ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံရေးနှင့် ပြည်ပပို့ကုန်တိုးတက်စေရေးအတွက် တောင်သူများအား လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးကြိုးပမ်းစိုက်ပျိုးကြရန် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့က တိုက်တွန်းထားကြောင်း သိရသည်။
ယင်းသို့ မိုးစပါးစိုက်ပျိုးလျက်ရှိရာတွင် စိုက်ပျိုးခင်းများအတွင်း ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်တတ်၍ ကြိုတင်စီမံကာကွယ်မှုများ ပြုလုပ်ထားရှိရေး၊ သဘာဝဘေးကြောင့် သီးနှံပင်များ ပျက်စီးဆုံးရှုံးနိုင်၍ အစားထိုး ကုစားစိုက်ပျိုးနိုင်ရေးအတွက် အရန်ပျိုးပင်များ ပျိုးထောင် ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးကိုလည်း တောင်သူများအား သတိပေးဆော်ဩထားကြသည်။
မိုးစပါးအထွက်နှုန်းသည် နွေစပါးအထွက်နှုန်းနှင့်နှိုင်းယှဉ်လျှင် အထွက်နှုန်းနည်းပါးတတ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ကြပ်အဖွဲ့ စိုက်ကွင်းတာဝန်ခံ ဝန်ထမ်းများက မိုးစပါးဖြစ်ထွန်း အောင်မြင်ရေးအတွက် တောင်သူများနှင့်ပူးပေါင်းကာ ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ရွှေသား(IPRD)