ကျိုက်လတ် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ရက်(၁၀၀)စီမံချက်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဇူလိုင် ၂၄ ရက် မွန်းလွဲ ၃နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်း မြင့်မားရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် အသက်(၂၂) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းအကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ(နည်းစနစ်မှူး) ဦးကျော်နိုင် ဦးဆောင်၍ အားကစားသမားများက အားကစား သစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်မှ ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲတွင် အုပ်စု(၂)ခုခွဲ၍ အသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖွင့်ပွဲ ပထမနေ့ပွဲစဉ်အဖြစ် အုပ်စု(က) မြို့မ(၁)အသင်းနှင့် မြို့မ(၃) အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)