ငဖဲ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီ၌ မိုးစပါးနှင့် အခြားမိုးသီးနှံစုံ ယနေ့ထိ (၂၆၅၆၇)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မန်းချောင်ရေလှောင်တမံ ဆည်ရေနှင့် ရင်းရှည် ရေလှောင်တမံ ဆည်ရေတို့ကို အဓိကအားထားပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြသည်။ သီးနှံများစိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုးရေအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနက ရေလှောင်တမံများမှ ဆည်ရေကို လက်ဝဲ၊ လက်ယာ မြောင်းမကြီးတစ်လျှောက် စနစ်တကျ ဆည်ရေဖြန့်ဝေပေးသည့်အတွက် တောင်သူများစိုက်ပျိုးသော သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ယခု ၂၀၂၆ ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီတွင် အစိုးရဆည်ရေ၊ ဆည်ငယ်ကန်ငယ်များမှ ရေနှင့်မိုးရေကိုအမှီပြု၍ မိုးစပါးသီးနှံ (၄၇၃)ဧက၊ နှံစားပြောင်း (၆၇)ဧက၊ ဖူးစားပြောင်း (၂၈၇)ဧက၊ မြေပဲ (၅၆၁)ဧက၊ နှမ်း (၁၂၈၉၉)ဧက၊ နေကြာ (၃၃၆)ဧက၊ ချည်မျှင်ရှည်ဝါ (၂၀၄)ဧက၊ ပဲတီစိမ်း (၆၀၅)ဧက၊ ပဲစဉ်းငုံ (၄၃၅၃)ဧက၊ ပဲကြီး (၁၅)ဧက၊ အခြားပဲ (၈)ဧက၊ ငရုတ် (၂၇၃)ဧက၊ ငရုတ်ကောင်း (၃၂၇)ဧက၊ ကော်ဖီ (၁၆၇၅)ဧက၊ လက်ဖက် (၃၂၀)ဧက၊ ပရဆေးပင်များ (၂၀၄)ဧက၊ ကွမ်း (၇)ဧက၊ ကျွဲနွားစာ (၁၈၃၉)ဧက၊ ဝဥ (၅၉)ဧက၊ ဟင်းသီးဟင်းရွက် (၂၁၃)ဧက၊ ငှက်ပျော (၂၃၆)ဧက၊ အုန်း (၃၅)ဧက၊ ထန်း (၃၉)ဧက၊ သစ်သီးပင်များ (၁၁၀၇)ဧက၊ အစေ့ကြားကြက်ဆူ (၅၈)ဧက၊ သစ်ဆိမ့် (၁)ဧကနှင့် အခြားသီးနှံ (၃၆၆)ဧက စုစုပေါင်း (၂၆၅၆၇)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားမိုးသီးနှံများ စိုက်ပျိုးရာတွင်သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက်လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့နှင့်ပျိုးပင်များ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး အွန်လိုင်းမှလည်း အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)