ရွှေသောင်ယံ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့နေ့လည်ပိုင်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်သုံးစွဲမှုဆိုင်ရာ အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ရွှေသောင်ယံမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများမှ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ ရပ်ကွက်များအတွင်းရှိ လူနေထူထပ်သောနေရာများ၌ အသံဖြင့်လိုက်လံနှိုးဆော်ခြင်း၊ ဗီနိုင်းပိုစတာများကပ်ခြင်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးရာတွင် လျှပ်စစ်မီတာအသုံးပြုခြင်း၊ Smart Meter စနစ်၏ အကျိုးကျေးဇူးများ၊ လျှပ်စစ်ဓါတ်အားကို စနစ်တကျချွေတာသုံးစွဲရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လိုက်နာသင့်သည့်အချက်များ၊ လျှပ်စစ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ အခက်အခဲများဖြစ်ပေါ်ပါက သက်ဆိုင်ရာ Control Center နှင့် Call Center များသို့ ဆက်သွယ်အကြောင်းကြားနိုင်မည့် နည်းလမ်းများကို အသေးစိတ် ရှင်းလင်းအသိပေးခဲ့သည်။
အဆိုပါအသိပညာပေး နှိုးဆော်ခြင်းများကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ် ဘေးကင်းစွာအသုံးပြုနိုင်ရန်၊ ဝန်ဆောင်မှုများကို အဆင်ပြေစွာရယူနိုင်စေရန်နှင့် သုံးစွဲရမည့်နည်းလမ်းများ၊ လျှပ်စစ်သုံးစွဲရာတွင် ဆောင်ရန်၊ ရှောင်ရန်တို့ကို ပြည်သူများသိရှိနားလည်စေရန် အသိပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုမောင်