အုတ်ဖိုမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကျင်းပ

အုတ်ဖို ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အုတ်ဖိုမြို့နယ်၊ သင်မန်းကုန်းကျေးရွာအုပ်စု၊ အုန်းနှဲ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အားအသေးစိတ်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ပါ၀င်ဆွေးနွေးမည့် ပုဂ္ဂိုလ်များဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းလွင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်စိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအဲလစ်စဘတ်ဝင်းရှိန်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်သိန်းတို့က ပြည်သူ့စကားဝိုင်းနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မိမိတို့ကျေးရွာတွင် ရေကြီးနစ်မြှုပ်မှုအန္တရာယ်မှကာကွယ်ပေးနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေများထုတ်ချေးနိုင်မည့်နည်းလမ်းများ၊ ဒေသခံပြည်သူများမှလည်း မိမိတို့ ကျေးရွာတွင် လိုအပ်သည့် ကဏ္ဍများအလိုက် မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာတာ၀န်ရှိသူများက အသေးစိတ်ရှင်းလင်းပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)