မြိတ် ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် MSME အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အလုပ်အကိုင်ဖန်တီးပေးသည့် အဓိကအင်အား၊ ပြည်တွင်းထုတ်လုပ်မှုကို တိုးတက်စေသည့် အခြေခံ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူပြုသည့် မောင်းနှင်အားနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ( Public - Private Partnership ) အားကောင်းခြင်းဖြင့် အတူတကွဖွံ့ဖြိုး၊ အတူတကွအောင်မြင်ဆိုသည့် Win - Win Situation တစ်ရပ်ကို ရရှိမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝသယံဇာတကြွယ်ဝခြင်း၊ ပင်လယ်ရေကြောင်းကုန်သွယ်ရေး အားကောင်းခြင်း၊ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးထုတ်ကုန်များ ပေါများခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်ခြင်းတို့ကြောင့် စီးပွားရေးအလားအလာ အလွန်မြင့်မားသည့် ဒေသဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် အရည်အသွေးသည် ဈေးနှုန်းထက် ပိုမိုအရေးကြီးလာပြီး ကုန်ပစ္စည်းများကို အရည်အသွေးစံနှုန်းများနှင့်အညီ ထုတ်လုပ်ခြင်း၊ သန့်ရှင်းမှု၊ စားသုံးသူယုံကြည်မှု၊ ကုန်အမှတ်တံဆိပ်တည်ဆောက်မှု၊ ထုပ်ပိုးမှုအရည်အသွေးနှင့် ဈေးကွက်လိုအပ်ချက်များကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ လုပ်ငန်းကဏ္ဍအလိုက် ဒေသထွက်ကုန်ကြမ်းများဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စွန့်ဦးတီထွင်ကြိုးပမ်းဆောင်ရွက်မှုများနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားကြသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင် ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များအသင်း၊ ငါးလုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီလုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်များ အသင်းနှင့် MSME လုပ်ငန်းရှင်များအသင်းတို့မှ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ စုစုပေါင်းကျပ်သိန်း(၁၇၀၀) လှူဒါန်းပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လက်ခံရယူပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)