တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်းနှင့် ဆုကြေးငွေပေးအပ်ပွဲ တက်ရောက်

မြိတ် ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၂၄) မွန်းလွဲပိုင်းက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေများအတွင်း သင်တန်းတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အမည်ခံအဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများ ထံလွှဲပြောင်းပေးအပ်ခြင်းနှင့် ဆုကြေးငွေပေးအပ်ပွဲတက်ရောက်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလင်းဝင်ရောက်လာကြသည့် လူငယ်များအနေဖြင့် မိမိတို့၏ဘဝကို ပြန်လည်စဉ်းစားသုံးသပ်ပြီး မိသားစုများထံ ပြန်လည်ရောက်ရှိရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းသော လူမှုဘဝအတွင်း ပြန်လည်နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းသည် အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ လူငယ်ဘဝသည် အနာဂတ်ကို တည်ဆောက်နိုင်သည့် အချိန်ကာလဖြစ်ပြီး ပညာသင်ယူနိုင်သည့်အချိန်၊ အသက်မွေး ဝမ်းကျောင်းပညာရပ်များ ရှာဖွေသင်ယူနိုင်သည့်အချိန်၊ မိသားစုနှင့် လူမှုအသိုက်အဝန်းအတွက် အကျိုးပြုနိုင်သည့်အချိန် ဖြစ်ကြောင်း၊ ထိုအချိန်ကာလတွင် အကြမ်းဖက်အဖွဲ့များအတွင်း ဝင်ရောက်သွားခြင်းသည် မိမိတို့၏ ဘဝအတွက်သာမက မိသားစုများနှင့် လူမှုအသိုက်အဝန်းအတွက်ပါ နာကျင်မှုများဖြစ်ပေါ်စေကြောင်း၊  မိမိတို့၏ဘဝလမ်းကြောင်းကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ခြင်းသည် တန်ဖိုးရှိသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ကြောင်း၊  အလင်းဝင်ရောက်လာကြသည့် မောင်မယ်များကို အစိုးရအနေဖြင့် အပြစ်တင်ခြင်း၊ အရှက်ရစေခြင်းထက် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရေး၊ မိသားစုနှင့်ပြန်လည်ဆုံစည်းနိုင်ရေး၊ ဥပဒေနှင့်အညီ လူမှုဘဝအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးတို့ကိုအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြား သည်။

ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ဆက်လက်၍ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင် ရောက်လာသည့် PDF သင်တန်းဆင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ(၈)ဦး၊ ထားဝယ်မြို့မှ(၈)ဦး၊ တနင်္သာရီမြို့မှ (၄)ဦး၊ ပုလောမြို့မှ(၁)ဦး၊ ပလောက် မြို့မှ(၁)ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ(၁)ဦး စုစုပေါင်း အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး (၁)ဦးတို့မှ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ထံ လက်နက်ခဲယမ်းများအား အပ်နှံကြသည်။ 

ယင်းနောက်  ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်လက်နက် (၂)လက်အတွက် သိန်း(၁၀၀) ကျပ်၊ ပြောင်းချောလက်နက်(၆)လက်အတွက် သိန်း(၃၀)ကျပ်နှင့် လက်ပစ်ဗုံး(၂)လုံးအတွက် (၆)သိန်းကျပ်၊ စကားပြောစက်(၁)လုံးအတွက် (၂)သိန်းကျပ်၊ အလင်းဝင်ရောက်သူ(၂၃)ဦး အတွက် (၁)ဦးလျှင် (၁၀) သိန်းနှုန်းဖြင့် သိန်း(၂၃၀)ကျပ်တို့အား ဂုဏ်ပြုဆုငွေများပေးအပ်ရာ  ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF သင်တန်းဆင်း အမျိုးသား(၂၂)ဦးနှင့်အမျိုးသမီး(၁)ဦးတို့ကို တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၄င်းတို့ ၏မိဘများထံသို့ လွှဲပြောင်းအပ်နှံသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံခဲ့ပြီး ပြည်သူဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လျက်ရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)