ထားဝယ် ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဂိုဏ်းပေါင်းစုံ၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် သံဃနာယက၊ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ထားဝယ်မြို့၊ သာသာနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
သံဃနာယက၊ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းတည်တံ့ ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်နိုင်ရေး၊ သံဃအဖွဲ့အစည်းဝင်ဆရာတော်များနှင့် အထောက်အကူပြုဝန်ထမ်းများအား သံဃနာယကနှင့် ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရေးတို့ ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ အမှူးပြုသော တက်ရောက်လာကြသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က သင်တန်းနည်းပြဆရာတော် (၄)ပါးအား နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် သင်တန်းနည်းပြဆရာတော်များနှင့် တာဝန်ရှိသူများက သင်တန်းသားဆရာတော်များအား သင်တန်းဆင်းလက်မှတ် ဆက်ကပ်ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)