ထားဝယ် ဇူလိုင် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သော သမဝါယမအသင်း (၄) သင်းမှ အသင်းသားပိုင်လယ် (၁၄၀၀) ဧကအတွက် ကျပ် (၃၅၀၀) သိန်းနှင့်ညီမျှသော မျိုးစပါးသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမိုးအောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍဖြင့် ဆောင်ရွက်မည့် ထားဝယ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ အသင်းသားတောင်သူများအား မတည်ရင်းနှီးငွေ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဒေါ်ဝါဝါလွင်က အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။
ထို့နောက်ကော်မတီဥက္ကဋ္ဌက သမဝါယမအသင်းစုသို့ မတည်ရင်းနှီးငွေကျပ် (၃၅၀၀)သိန်းအား ပေးအပ်ပြီး ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သွင်းအားစုနှင့် မျိုးစပါးများ ပေးအပ်သည်။
အခမ်းအနားသို့ မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သမဝါယမအသင်းများမှ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ထားဝယ်)