တနင်္သာရီ ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ကျန်းမာရေးကောင်းမွန်စေရေး ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့မရဲစခန်း အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာလင်းထိုက်စိုးက သိုင်းရွိုက်ဂလင်း၏ လုပ်ဆောင်ချက်များ၊ သိုင်းရွိုက်ရောဂါ ဖြစ်ပွားနိုင်သည့် အကြောင်းရင်းများ၊ ရောဂါလက္ခဏာများ၊ အိုင်အိုဒင်းဓာတ်ပါဝင်သော အစားအသောက်များကို မျှတစွာစားသုံးခြင်း၏ အရေးပါမှု၊ သိုင်းရွိုက်ကျန်းမာရေးကို ထိန်းသိမ်းနိုင်မည့်နည်းလမ်းများနှင့် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုခံယူသင့်သည့် အချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး သိုင်းရွိုက်ကျန်းမာရေးနှင့် ပတ်သက်သည့် သိလိုသည်များကို မေးမြန်းဆွေးနွေးကာ အသိပညာများ မျှဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)